အခုလိုအချိန်မျိုးမှာ ဘာလုပ်ရမလဲ

 အခုလို အားလပ်နေတဲ့အချိန်မှာ အလုပ်သင့်ဆုံးအရာက ဘာလဲ။ အလုပ်သင့်ဆုံးအရာကတော့ အိမ်မှာနေတာပါပဲ။ မိဘတွေရဲ့အဝေးမှာ ရောက်နေကြတဲ့သူတွေအဖို့တော့ အထီးကျန်နေကြမှာအမှန်ပါပဲ။ ဒီလိုမဖြစ်စေဖို့ တစ်ခုခုအပေါ်အာရုံစိုက်သင့်ပါတယ်။ ဖုန်းပွတ်နေတဲ့အခါ အများဆုံးကြားမြင်ရမှာက နိုင်ငံရေးနဲ့ ကိုဗစ်သတင်းတွေပါ။ ဒါတွေရဲ့အောက်မှာပါလာတာကတော့ hate speech တွေပါ။ ဖုန်းပေါ်မှာ တစ်ခုခုကို သင်ယူတာထက် ဘာမှမရလိုက်ဘဲ အချိန်ကုန်တာများပါတယ်။ တစ်ချို့အတွက်တော့ အချိန်ကုန်ချင်လို့ ဖြစ်ချင်ဖြစ်မှာပါလေ။ ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ အလုပ်သင့်ဆုံးအရာတွေကို တင်ပေးလိုက်ပါတယ်။ 




၁။ ဝါသနာပါသည်ကိုလေ့လာခြင်း



ကိုယ်ဝါသနာပါတဲ့အရာကို လုပ်ခွင့်မကြုံရင်တောင် လေ့လာနေသင့်ပါတယ်။ ဥပမာ။ ။ကိုယ်ဟာ နည်းပညာဘက်စိတ်သန်နေတယ်ဆိုရင် အရင်ဆုံးလုပ်သင့်တာက app တွေတစ်ခုပြီးတစ်ခု စမ်းသုံးတာ။ ဒါမှမဟုတ် ဆိုင်ရာ webs ကနေ အကြောင်းအရာတွေကို ဖတ်ရှုတာ၊ လေ့လာတာ လုပ်လို့ရတယ်။ 


၂။ စာဖတ်ခြင်း



စာဖတ်ရတာကို လူတိုင်းတော့ကြိုက်မှာမဟုတ်ဘူး။ ကြိုက်ကြိုက်၊မကြိုက်ကြိုက် ဖုန်းအားသွင်းတုန်းအချိန်ဖြစ်ဖြစ် စာဖတ်သင့်ပါတယ်။ ဖုန်းကနေ စာဖတ်တာဟာ အရသာမရှိတာကြောင့် စာအုပ်၀ယ်၊ ငှားဖတ်တာ အကောင်းဆုံးပါပဲ။ ဖတ်သင့်တဲ့ စာအုပ်အမျိုးအစားကတော့ အကုန်ဖတ်လေ ကောင်းလေပါပဲ။ အချိန်ရနေတာကိုး။ 

(က)သမိုင်းစာအုပ်



သမိုင်းဆိုတာ လူတွေရဲ့ပြောင်းလဲမှု၊ ရှူးသွပ်မှုတွေကို မှတ်တမ်းတင်ထားတဲ့အရာပါ။ ဘာတွေပြောင်းလဲပြီး၊ ဘယ်လိုရှူးသွပ်ကြခဲ့တာလဲဆိုတာ မသိရင် သင်ယူဖို့ခက်ပါတယ်။ အတိတ်ဆိုတာ သင်ယူဖို့အကောင်းဆုံးထဲကတစ်ခုပါ။ ဥပမာ။ ။ကမ္ဘာ့သမိုင်းအကျဉ်းချုပ်၊ ပြင်သစ်တော်လှန်ရေး၊ ရခိုင်သမိုင်းစာအုပ်များ၊ မဟာရာဇ၀င်ကျမ်းများ။


(ခ)ဘာသာပြန်စာအုပ်



ဘာသာပြန်စာအုပ်တွေရဲ့ထူးခြားမှုဟာ ဖတ်ကြည့်သူသာသိနိုင်ပါတယ်။ ကမ္ဘာကျော်စာအုပ်တွေဖြစ်ပြီး လူကြိုက်များတဲ့စာအုပ်ဖြစ်တာကြောင့် အများနည်းတူဖတ်နိုင်ရင် ပိုကောင်းပါတယ်။ ဘာသာပြန်စာအုပ်တွေအများကြီးပါပဲ။ ကိုယ်ဖတ်ရှုချင်တဲ့အရာ‌ကို ရွေးဖတ်လို့လည်းရသလို၊ ကိုယ့်အကြိုက်စာအုပ်တွေကိုလည်း ရွေးချယ်ရလွယ်ကူပါတယ်။ ဥပမာ။ ။တိုတိုနဲ့လိုရင်းထိတဲ့ 'Who move my cheese?' စာအုပ်မျိုး။ ဇော်ဂျီဘာသာပြန်တဲ့ 'မိုးကြယ်မို့လား' စာအုပ်မျိုး။ 


(ဂ)စိတ်ပညာစာအုပ်



စိတ်ပညာဆိုတဲ့အတိုင်း psychology ကို သင်ခိုင်းတာမဟုတ်ပါဘူး။ လူမှုရေးပိုင်းကို သင်ယူဖတ်ရှုခိုင်းတာပါ။ ဥပမာ။ ။How To Win Friends And Influence People(ဦးနုဘာသာပြန်တဲ့ မိတ္တဗလဠီကာ)၊ The Magic of Thinking Big(မြင့်မြင့်တွေး၊ မြင့်မြင့်ကြံ)၊ နှလုံးသားအဟာရ၊ Letter to My Son(လူက‌လေးထံပေးစာ) စတဲ့ ပေါင်းသင်းဆက်ဆံရေးစာအုပ်တွေ။


(ဃ)၀တ္ထုရှည်စာအုပ်



၀တ္ထုရှည်‌စာအုပ်တွေဟာ အချိန်ယူပြီး ဖတ်ရှုရပြီး ဖတ်ပြီးတဲ့အခါလည်း စာအုပ်ကြောင်းကိုတသသ ခံစားလို့ကောင်းတုန်းပါပဲ။ ရသစာပေတွေဖြစ်တဲ့အပြင် ၀တ္ထုရှည်အများစုဟာ လက်တွေ့ဘ၀နဲ့အနီးစပ်ဆုံး အတွေ့အကြုံများကို ပုံဖော်ထားတာကြောင့် ကိုယ်တိုင်ကြုံနေရသလိုခံစားရမည့်အပြင် အတွေ့အကြုံအသစ်တွေကိုရရှိဖို့ နည်းလမ်းကောင်းပါပဲ။ ဇာတ်ကောင်များရဲ့စိတ်နေသဘောထားတွေဟာ အရေးကြီးလှပြီး စာဖတ်သူတွေဟာလည်း ဇာတ်ကောင်တွေဆီက ဘယ်အချက်ကိုယူပြီး ဘယ်အချက်ပယ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်တယ်။ ဥပမာ။ ။Master of the game(အနိုင်မခံ) လို ဇာတ်ကောင်အားပေးစာအုပ်မျိုး။


(င)၀တ္ထုတိုစာအုပ်

၀တ္ထုတိုစာအုပ်တွေဟာ အချိန်ယူစရာမလိုတဲ့အပြင် ကြိုက်တဲ့အချိန် ကြိုက်တဲ့‌ခေါင်းစည်းကိုဖတ်နိုင်တယ်။ ၀တ္ထုတိုတွေဟာ တိုတိုနဲ့လိုရင်းရောက်အောင် စကားလုံးကျစ်ကျစ်လစ်လစ် ရေးသားရတာမို့ ဖတ်ရတာ အရသာရှိလှပါတယ်။ ကျွန်နော်တို့ ငယ်ငယ်ကသင်ရခဲ့တဲ့ The last leaf, A brave dog, The treasure Island တွေဆို အခုထိမှတ်မိနေကြတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ၀တ္ထုရှည်တွေလို အကြောင်းအရာမများတဲ့အပြင် ဇာတ်ကောင်လည်း အများကြီးမပါတာကြောင့်ပါပဲ။ 


(စ)ကဗျာစာအုပ်

စာပေလိုက်စားသူမဟုတ်ရင်တောင် ကဗျာကိုဖတ်ရှုသင့်ပါတယ်။ လူတွေဟာ ကဗျာကိုနားမလည်လို့ပစ်ထားကြပါတယ်။ နားလည်အောင်လည်း မလုပ်ကြပါဘူး။ ကဗျာဆိုတာ လူတိုင်းရ်ုထဲမှာရှိပြီးသားပါ။ ဆင်ယင်ထုံးဖွှဲ့ပြီး မရေးတတ်တာသာရှိပါတယ်။ ကဗျာကိုစတင်ဖတ်ရှုလေ့လာဖို့ အချိန်ကောင်းပါပဲ။ ညွှန်းရရင်တော့ 'ဇော်ဂျီကဗျာပေါင်းချုပ်' ဟာ စတင်လေ့လာသူများအဖို့ နားလည်ရလွယ်ကူစေမှာပါ။


၃။ တရားနာခြင်း



အချိန်အားနေလို့ စာအုပ်မဖတ်ချင်ရင် တရားနာတာ အကောင်းဆုံးပါပဲ။ အခုမှ တရားစနာမယ်ဆိုတဲ့သူတွေအတွက် ပါချုပ်ဆရာတော်ကြီးဟောထားတဲ့ တရားတွေကိုနာစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ပါချုပ်ဆရာတော်ကြီးဟာ ဘာအခြေခံမှမရှိတဲ့လူပြိန်း‌တွေ နားလည်အောင် ဟောနိုင်လို့ပါပဲ။ ကိုယ်က အခြေခံပိုင်နေပြီလို့ မှတ်ရင်တော့ ပါချုပ်ဆရာတော်ကြီးရဲ့ပဠာန်းဒေသနာတော်တရားကို သွားနာကြည့်ပါလေ။ တခြားဆရာတော်ကြီးများရဲ့တရားကို နာစေချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူတာကြောင့် ကိုယ်သဘောတွေ့တဲ့ဆရာတော်ကြီးရဲ့အသံကိုနားထောင်နေရတာဟာ ပိုပြီးထိရောက်ပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်တဲ့တရားသာ နာပါ။ တရားနာဖို့ အခြေအနေမပေးဘူးဆိုရင် တရားစာအုပ်ဖတ်ရှုပါ။


K.L.Ag


#EvE

Comments

Popular posts from this blog

Dimensions များအကြောင်း

ကမ္ဘာပေါ်ရှိ ထူးဆန်းသောနေရာများ(၁)